ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ( ၁၂-၇-၂၀၂၆ ) ရက်နေ့နှင့် ( ၁၃-၇-၂၀၂၆ )ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
( ၁၄-၇-၂၀၂၆ )ရက်နေ့နှင့် ( ၁၅-၇-၂၀၂၆ )ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီး များ၏ ၃၁ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အမှာစကား ပြောကြားရာတွင် အမှုအခင်းများကို ဥပဒေနှင့်အညီမှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေးသည် တရားစီရင်ရေး၏ လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူအပေါ် အပြစ်မပေးဘဲအမှုမှလွှတ်ခြင်း၊ ပြစ်မှုနှင့်လျော်ညီသည့် ပြစ်ဒဏ်ချမှတ်မှုမရှိခြင်း၊ အပြစ်မရှိသူအပေါ်မှားယွင်း၍ ပြစ်ဒဏ်စီရင် ခြင်းတို့သည် တရားစီရင်ရေး တိမ်းစောင်းမှုဖြစ်သည်ကို သတိပြုကြစေလိုကြောင်း၊ မူးယစ် ဆေးဝါးမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေနိုင်သည့် မင်းမဲ့စရိုက်ဆန်ဆန်အုပ်စုဖွဲ့၍ ကျူးလွန်မှုများ၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက် စေနိုင်သည့် ပြစ်မှုများနှင့်စပ်လျဉ်းပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါက ထိရောက်ဟန့်တား သည့် ပြစ်ဒဏ်များချမှတ်ကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားပြီးဖြစ်သည့် မူပိုင်ခွင့် ဥပဒေများအရစွဲဆိုလာသည့် အမှုများစစ်ဆေးစီရင်ရာတွင်လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အများပြည်သူလက်လှမ်းမီမှုရှိစေရေးနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များကို ဆက်လက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၆) အောင်မြင်အောင် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တရားရုံးနှစ်စဉ်အစီရင်ခံစာများ ထုတ်ပြန်ရာတွင်လည်း ပြည့်ပြည့်စုံစုံဖော်ပြကြရန်နှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအသီးသီးမှာ AI နည်းပညာကို တရားစီရင်ရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကိုတွေ့ရသည့်အတွက် တရားစီရင်ရေးလုပ်ငန်းမှာ AI နည်းပညာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေပြီဖြစ်သဖြင့် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်သူ အများက တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုရှိလာစေရန် တရားသူကြီးများအနေဖြင့် တရားစီရင်ရေးကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူပြောဆိုနေထိုင်ကြရန်နှင့် တရားရုံး သို့လာရောက်ကြသည့် တရားရုံးအသုံးပြုသူများအား ပြေပြစ်စွာဆက်ဆံကြရန်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့်စိတ်ဓာတ်ကို ပျက်စီးစေရုံသာမက တရားရေးဌာနအပေါ် အများပြည်သူယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်သည့်အတွက် ဝန်ထမ်း အားလုံး အဂတိကင်းစင်ရေးအတွက် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ၏ကျင့်ဝတ်ပိုင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ တိုးတက် မြင့်မားရေး၊ တရားရုံးများ၏စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးတို့အတွက် ကြိုးစားဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ မိမိတို့ထမ်းဆောင်ကြရမည့် လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန် သစ္စာရှိရှိ ထမ်းဆောင်ကြရန်နှင့် တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေး၊ တရားစီရင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေး မှူးများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် များနှင့် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီး များသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ကယားပြည်နယ်တရားလွှတ်တော် မှ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တရားလွှတ်တော် တရားသူကြီး များ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်အတွင်းရှိ ခရိုင်တရားသူကြီးများ တက်ရောက် ခဲ့ပါသည်။