မြန်မာသက္ကရာဇ် ( ၁၂၀၀ ) ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ( ၁၈၃၈ ) ခုနှစ်တွင် ဦးသီရိ ဦးဆောင်၍ သီရိဒေါရွာအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ “ဒေါ’’ မှာ ကယားဘာသာဖြင့် “ရွာ’’ဟု အမည်ရပါသည်။ တောင်ကွဲတောင်နှင့်ရွှေတောင်အနီး တည်ထားသဖြင့် ( လွိုင်ခေါ် ) ဟုရှမ်း ဘာသာဖြင့်ခေါ်ဝေါ်ခဲ့ပါသည်။ “ လွိုင် ” မှာ “ တောင် ” “ ခေါ် ” မှာ “ တကွဲတပြားစီ ”ဟု အဓိပ္ပာယ်ရပါသည်။ လွိုင်ခေါ် မှ လွယ်ကော် ( လွိုင်ကော် ) ဟူ၍ ဖြစ်ပေါ်လာပါသည်။ မြန်မာ သက္ကရာဇ် (၁၂၅၀) ခုနှစ်၊ ကဆုန်လဆန်း (၁) ရက်၊ ခရစ်သက္ကရာဇ် (၁၈၈၈) ခုနှစ်၊ ဧပြီလ ( ၂၀ ) ရက်နေ့တွင် ကန္တရဝတီစော်ဘွားစဝ်လဝီက လွိုင်ကော်မြို့တွင် ဟော်နန်းစိုက်ထူ အုပ်ချုပ် ခဲ့ပါသည်။ ကန္တရဝတီ၊ ဘောလခဲနှင့် ကြယ်ပိုးကြီးနယ်မြေများဟု ဗြိတိသျှအစိုးရ လက်ထက်က သတ်မှတ်ခဲ့သော ကရင်နီပြည်နယ်များသည် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဉပဒေအရ ကရင်နီပြည်နယ်အမည်နှင့်ပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ် တစ်ခုအဖြစ်ပါဝင်ခဲ့ပါသည်။ ၁၉၅၁ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဉပဒေ ပြင်ဆင်ချက်အရ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ ) ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဉပဒေအရ ကယားပြည်နယ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်
တည်နေရာ၊ အကျယ်အဝန်းနှင့် မြေမျက်နှာသွင်ပြင်
၂။ ကယားပြည်နယ်၏ တည်နေရာ၊ အကျယ်အဝန်းနှင့် မြေမျက်နှာသွင်ပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်
(က) တည်နေရာ
ကယားပြည်နယ်သည် မြောက်လတ္တီတွဒ် ( ၁၈ ) ဒီကရီ ( ၃၀ ) မိနစ်နှင့် ( ၁၉ ) ဒီကရီ၊ ( ၅၅ ) မိနစ်ကြား၊ အရှေ့လောင်ဂျီကျူ ( ၆၄ ) ဒီကရီ( ၄၀ ) မိနစ်နှင့် ( ၉၇ ) ဒီကရီ၊ ( ၉၃ ) မိနစ် အကြား တွင်တည်ရှိပါသည်။ မြောက်ဘက်တွင်ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်နှင့်အနောက်ဘက်တို့တွင် ကရင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည် ။
(ခ) အကျယ်အဝန်း
ကယားပြည်နယ်၏ မြို့နယ် / မြို့အလိုက် အကျယ်အဝန်းမှာ ( ၄၅၂၉.၅၆ ) စတုရန်းမိုင်၊ ( ၂၈၉၈၉၂ ) ဧက ဖြစ်ပါသည်။
(ဂ) မြေမျက်နှာသွင်ပြင်
မြေမျက်နှာသွင်ပြင် အနေအထားမှာ ပင်လယ်ရေမျက်နှာပြင် အထက် ( ၂၉၅၀ ) ပေမှ ( ၆၀၀၀) ပေအကြား တောင်ကုန်းတောင်တန်း များအပေါ်တွင် တည်ရှိပါသည်။